သုက်လွှတ်ကြာခြင်းဟာ ကျန်းမာရေးပြဿနာတစ်ခုလား
သုက်လွှတ်မြန်တာကို အမျိုးသားထုကြီးရဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုလို့ သတ်မှတ်ထားတယ်ဆိုရင် သုက်လွှတ်ကြာတာကရော ကျန်းမာရေးပြဿနာ မဟုတ်ဘူးလားလို့ မေးစရာရှိလာပါတယ်။
ဒီမေးခွန်းရဲ့ အဖြေက တစ်ယောက်နဲ့တစ်ယောက်တော့ တူမယ်မထင်ပါဘူး၊ ဥပမာ - ကြာတာကိုမှ ကြိုက်တယ်၊ ပိုကောင်းတယ်လို့ ထင်ရင်တော့ ပြဿနာမဟုတ်ဘူးပေါ့။ ဒီလိုမဟုတ်ဘဲ မြန်မြန်လေးမှ ကြိုက်တဲ့သူတွေကျ ပြဿနာဖြစ်ချင် ဖြစ်နေနိုင်တာပဲလေ။ ပြဿနာဟုတ်၊ မဟုတ် အငြင်းမပွားသေးခင် အခုဆောင်းပါးမှာ သုက်လွှတ်ကြာတာနဲ့ ပတ်သက်ပြီး အရင်ဆုံး ရှင်းပြပေးချင်ပါတယ်။
ဘယ်လိုအခြေအနေကို သုက်လွှတ်ကြာတာလို့ သတ်မှတ်နိုင်လဲ
အမျိုးသားတစ်ယောက်အတွက် သုက်လွှတ်ဖို့အတွက် သာမန်စံနှုန်းဖြစ်တဲ့ နာရီဝက်၊ မိနစ် (၃၀) ထက် ပိုကြာပြီး သုက်လွှတ်တယ်ဆိုရင်တော့ ယေဘုယျအားဖြင့် သုက်လွှတ်ကြာတယ်လို့ သတ်မှတ်ပါတယ်။ တချို့အမျိုးသားတွေမှာတော့ သုက်လွှတ်ကြာတာအပြင် သုက်လွှတ်ဖို့ ခက်ခဲတာ၊ လုံးဝသုက်မလွှတ်နိုင်တဲ့အထိပါ ဖြစ်နိုင်သလို၊ တချို့တွေမှာတော့ စိတ်သွားတိုင်း ကိုယ်မပါတာ၊ သက်လုံမကောင်းတာကြောင့် လိင်ဆက်ဆံနေစဉ် မကြာခဏ အနားယူရတဲ့အတွက် သုက်လွှတ်ဖို့ ကြာတာပဲ ဖြစ်ပါတယ်။
ဘာကြောင့် ဖြစ်ရတာလဲ
သုက်လွှတ်ကြာတာနဲ့ သုက်လွှတ်မြန်တာ နှစ်မျိုးလုံးဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ခန္ဓာပိုင်းဆိုင်ရာကြောင့်တင်မကဘဲ ကျန်းမာရေးနဲ့ ကုထုံးတွေကြောင့်ပါ ဖြစ်နိုင်တဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့
- စိတ်ဖိစီးမှုများခြင်း
- စိတ်ကျရောဂါ (ဒါမှမဟုတ်) တခြားသော စိတ်ကျန်းမာရေးဝေဒနာတွေကို ခံစားနေရခြင်း
- ကိုယ့်ရဲ့ လိင်စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်လွန်ကဲခြင်း
- သက်လုံမကောင်းခြင်း
- ရောဂါအတွက် ဆေးပြင်းတွေကို စွဲသောက်နေရခြင်း (ဒါမှမဟုတ်) ဆေးအသစ်တစ်မျိုး သောက်ကာစအချိန် ဖြစ်နေခြင်း
- လိင်အင်္ဂါကို ခွဲစိတ်ကုသမှု ပြုလုပ်ထားခြင်း
- မူးယစ်ဆေးဝါး (ဒါမှမဟုတ်) စိတ်ကြွဆေးတွေ သုံးစွဲထားခြင်း
- မွေးရာပါ မျိုးပွားစနစ်အင်္ဂါတွေကို ထိခိုက်ထားခြင်း
- ဆီးခုံရိုးကို ထိခိုက်မိခြင်း
- ဆီးလမ်းကြောင်း ပိုးဝင်နေခြင်း
- ဆီးကျိတ်ခွဲထားခြင်း၊ ကုသမှုခံယူနေခြင်း
- အာရုံကြောနဲ့ ဟော်မုန်းဆိုင်ရာ ပြဿနာများရှိနေခြင်း
- သုက်ရည် အထဲသို့ ပြန်ကန်တက်တဲ့ ပြဿနာရှိခြင်း
- အရက်သောက်ထားခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဘယ်သူတွေမှာ အဖြစ်များလဲ
- အသက် (၄၀) နဲ့အထက် လူကြီးပိုင်းတွေ
- စိတ်၊ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိသူတွေ
- ရောဂါအတွက် ကုသမှုတစ်ခုခု ခံယူနေရသူတွေ
- အချစ်ရေးနဲ့ လိင်မှုကိစ္စမှာ အဆင်မပြေဖြစ်တတ်သူတွေ
- အရက်၊ မူးယစ်ဆေး စွဲသုံးတတ်သူတွေမှာ ပိုအဖြစ်များပါတယ်။
သုက်လွှတ်ကြာတာကို ကျန်းမာရေးပြဿနာလို့ သတ်မှတ်လို့ရမလား။
၁။ ကိုယ်က ခဏလေးနဲ့ ပြီးသွားတာကို မကြိုက်ဘူး၊ ကြာကြာလေးနဲ့ အချိန်ဆွဲပြီး မြူဆွရတာကို ကြိုက်တယ်၊ ကိုယ့်အဖော်ကလည်း သုက်လွှတ်ကြာတာကို ကြိုက်တယ်ဆိုရင် ကျန်းမာရေးပြဿနာလို့ မသတ်မှတ်သလို မဖြစ်မနေ ကုသစရာ မလိုပါဘူး။ အပေါ်မှာ ပြောထားတဲ့ ပြဿနာတွေဟာ သုက်လွှတ်ကြာတာတင်မဟုတ်ဘဲ တခြားခန္ဓာဗေဒဆိုင်ရာ မူမမှန်တာတွေကိုပါ ဖြစ်စေနိုင်တဲ့အတွက် တစ်ခုခုထူးဆန်းတာရှိရင် ဆရာဝန်နဲ့ သေချာပြကြည့်ပြီး အကြောင်းရင်းခံကို ကုသဖို့ လိုအပ်ပါတယ်။
၂။ အကယ်လို့ သုက်လွှတ်ကြာတာက ကိုယ့်အတွက်ရော ကိုယ့်အဖော်အတွက်ပါ အဆင်မပြေဘူး၊ သုက်မလွှတ်နိုင်တဲ့အတွက် အချိန်ပိုကုန်ပြီး လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်ရတယ်၊ ဆန္ဒအထွဋ်အထိပ်ရောက်ဖို့ကို ဇောကပ်နေရလို့ လိင်စိတ်နည်းသွားပြီး ထောင်မတ်မှုအား ကျကျသွားတတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။
ယေဘုယျအားဖြင့် သုက်လွှတ်ကြာတာအပြင် လိင်ပိုင်းဆိုင်ရာ ပြဿနာတွေထက်စာရင် သူ့နောက်ကွယ်က ရုပ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုပဲ အာရုံစိုက်လို့ ကုသသင့်ပါတယ်။ အသက်ငယ်သေးပြီး သန်မြန်တဲ့အမျိုးသားတွေအတွက် အဓိကပြဿနာတွေကို သေချာထိန်းချုပ်ကုသနိုင်မယ်ဆိုရင် လိင်ဆက်ဆံရာမှာ ပုံမှန်အတိုင်း အခက်အခဲတွေ ကင်းသွားမှာဖြစ်ပါတယ်။
ရဲမျိုးမြတ်